မျှော်လင့်ခြင်းဘူတာရုံ
လက်ခုပ်နဲ့ ရေခပ်တော့
လက်ကြားက ရေယို
လက်စိုတာပဲ အဖတ်တင်တယ်
ကြေကွဲရခြင်းများနဲ့ မွေ့လျော်
ပျော်ရွှင်တဲ့ အချိန်ဆိုတာ
တစိမ့်စိမ့် ကြေကွဲနေတဲ့အခါမှာပေါ့
ငါ့နေထိုင်မှုဟာ
ငါ မကြာခဏ ဖတ်ရှုနေတဲ့
ဘာသာရေးကျမ်းတွေနဲ့ လမ်းခွဲ
အမှားတွေနဲ့ မိုက်မဲရတာ
လှိုက်လှိုက်လှဲလှဲ ရွှင်ကြည်တယ်
ပုဂ္ဂလအပြစ်အပုံအပင်နဲ့
ကင်ပွန်းတပ်ခံထားရတာ
သီးခြားဂုဏ်ယူစရာပေါ့
သူမတို့ ထားထားသွားတော့
ရည်းစားများသူဖြစ်လာတယ်
မယုံကြည်ရင် ဘာမှမလုပ်တော့
လူရာမဝင်သူဖြစ်လာတယ်
သူ ယုံကြည်တာ ငါ မယုံကြည်တော့
ငါသာ လူမိုက်ဖြစ်လာတယ်
အစာခွက်ပြပြီး
ပုဆိန်နဲ့ ခေါင်းထုတတ်တော့
အပေါင်းအသင်းဆိုတာလည်း
ဟင်းချိုလို ပူတုန်းခဏကောင်းတယ်
ဒီလိုနဲ့
အရက်ခွက်တွေကို
အသည်း ကျွေးပစ်လိုက်တယ်
အတွေးသစ်ရလာမယ့် ညတွေကို
အိပ်မပစ်ရက်အောင်ချစ်လာတယ်
မျှော်လင့်ခြင်း ဘူတာရုံ
တစ်စီးထွက်ရင် တစ်စီးဝင်မယ်
စိတ်ရှည်ဖို့ပဲ လိုတော့တယ်
မုန်းအောင်
၁၉၉၄
No comments:
Post a Comment