အရိန္ဒမာလှံ
(၂)
ငါ့အမေဟာ
သူ့မျက်ရည်တွေ
သူလှုပ်နှိုးရမယ့်အဖြစ်ကို
သိသိကြီးနဲ့များ
သူ့သားအိမ်ထဲမှာ
ငါ့ကို လွယ်ထားခဲ့ဝန့်တာလေ။
အမေက
ပျားအုံတစ်အုံ လိုချင်ခဲ့တယ်။
ငါက
ဘဝကို ဓားပေါ်ပုံတင်ခဲ့တယ်။
အမေက
သနပ်ခါး ဖုံဖုံလူးပေးတယ်။
ငါက
ယားလို့ဆိုပြီး ဖျက်ပစ်တယ်။
အမေက
လမ်းဟောင်းကို နှင်ခိုင်းတယ်။
ငါက
လမ်းပြောင်းကာ စိုင်းခဲ့တယ်။
အမေက
နို့ရည်ကို တိုက်ကျွေးခဲ့တယ်။
ငါ့မှာ
မျက်ရည်တွေနဲ့ ဗိုက်လေးနေတော့တယ်။
အမေ့ခမျာ
လိုချင်တာက ပုလဲ
ရလာတာ ခဲဖြစ်နေခဲ့။
မှန်တာဆိုရရင် အမေရယ်
သားက
အမေ့ကို ဆန့်ကျင်နေတာ မဟုတ်ရပါဘူး
သားဘဝလေး
ဆန့်ငင်နေမှာ စိုးလို့ပါ အမေ။
သားသိပါတယ် အမေ
ကျွေးလို့ရတာ အကုန်မွေးဖို့
သားကို လူဖြစ်ခွင့် ပေးခဲ့တာ မဟုတ်ဘူးဆိုတာ
ဒါပေမယ့်လည်း အမေရယ်
အမေ့ အငိုမျက်ဝန်းအိမ်ထဲမှာ
သားကို စိန်ခဲထက် အဖိုးတန်အောင် ထားခဲ့ပြီ မဟုတ်လား။
နှစ်တွေဆိုတာ
အမေ့အချစ်ကို ထားပစ်ခဲ့ဖို့လား
အမေ့ရင်ကို ပုန်ကန်စစ်ခင်း
အနှစ်နှစ်ဆယ် တင်းတင်းပြည့်ပြီအမေ။
အမေရယ်
သားဟာ အမေ့လည်ရွဲ ပုလဲတစ်ကုံးမဟုတ်ဘဲ
အမေ့ရင်မှာ ချိတ်ဆွဲထားတဲ့ ဗုံးတစ်လုံးလို့ပဲ
သားကို ကျိန်ဆဲလိုက်ပါတော့ အမေ
စကားတောင် မာမာမပြောတဲ့ အမေ့ကိုလေ။
သားကို အားမလို အားမရနဲ့
ဟောဒီက အစိမ်းတုံးကြီး
ဘယ်တော့ခွဲပါ့ မလဲတဲ့
တကယ်တော့လည်း အမေက
ကျောက်စိမ်းကရမယ့် အကျိုးကို
မျှော်ကိုးလို့မဟုတ်
ကျောက်တန်ဖိုးသာ ကြီးမြင့်စေလိုတာ
အမေ့ ကြီးမြတ်စေတနာတွေ။
သားရဲ့
ရယ်မောနေတဲ့ ကြေကွဲမှုကို
အတုမဲ့ မိန်းမမြတ် အမေတစ်ယောက်သာ
ထရံပေါက် နေအလင်း
ဖုန်မှုန့်တွေ အရှင်းမြင်ရပုံမျိုး
မြင်တတ်သူလေ။
ငါ့အမေဟာ
ဆောခရတ္တိထက်
သတ္တိကြီးခဲ့တယ်
အဆိပ်ခွက်ကို
နှစ်ရှည်လများ သောက်မျိုနေခဲ့တယ်။
မုန်းအောင်
ဆက်ရန်
No comments:
Post a Comment