စစ်
အချစ်စည်း ပြေကာ
စစ်မီးတွေ ငြီးငြီးတောက်
သွေး၊ မျက်ရည်တွေ ပိုးပိုးပေါက်
ပျောက်သွားကြ အသက်တွေ
ခြောက်ခြားစရာ့ ရက်တွေ...
ယမ်းခိုးတဝေဝေမှာ
အထမ်းအပိုးနဲ့ သူတွေ
သွေးညှီနံ့တွေနဲ့
ဘေးဘီလန့်နေသူတွေ
ဝက်ဆွဲ ကြက်ဆွဲ ကလေးဆွဲ
တပြေးတည်း ပြေးနေရသူတွေ
အိုကြီး အိုမ ကြမှ
ပိုပြီး ဘုရားနဲ့ဝေးရသူတွေ
ကျန်ခဲ့သူ သမီး၊သား
ဇနီးမယားကို
အပြီးထားသွားရရှာသူတွေ
ဇာတိရွာပါလို့
ဘာကြည့်ကာ ပြောရမှန်း မသိရှာသူတွေ
နွေနေပူပူမှာ
ခြေ အိမ်တိုင် ထူသူတွေ
မိုးတပေါက်ပေါက်မှာ
အမိုးအောက် မရောက်ရရှာသူတွေ
ဆောင်းအအေးမှာ
ကျောင်းကလေးနဲ့ ဝေးရရှာသူတွေ
... ... ... သူတွေ
... ... ... သူတွေ
... ... ... သူတွေ
ထမင်းမဝတာ အသာထား
ခေါင်းပြားအောင်
ဘယ်တော့များမှ အိပ်ရမယ်ပ
ခြုံပုတ်ကို
ဘုံလုပ်သူတွေရဲ့
တုန်လှုပ်ဖွယ့် စကား...
သမိုင်းစာမျက်နှာ မဟောင်းသေးလည်း
သင်ခန်းစာ မယူတတ်ကြသေးဘူးလားကွယ်တို့
အသက်တွေ ပေးရတာများလှ
လက်ညှိုးတွေ ကွေးကြတုန်းလားကွယ်တို့
မချစ်ခင်လည်း ရှိပါစေ
အပြစ်မမြင် ကြပါနဲ့တော့
အို
စစ်လူတို့
ချစ်သူတို့ကို မခွဲပါနဲ့
ချစ်သူတို့ကို မခွဲကြပါနဲ့
ချစ်သူတို့ မကွဲကွာကြပါစေနဲ့တော့...
မုန်းအောင်
No comments:
Post a Comment