အရိန္ဒမာလှံ
(၁၀)
လမ်းဖောက်ရာ အရပ်၌
ငါသည် လမ်းပျောက်ခဲ့ပြီ။
(တဂိုး)
ငါက
လမ်းအဆွေးမှာ
ပန်းနဲ့ဝေးနေပြီလား
မဟုတ်လောက်သေး
လုံးဝမဟုတ်သေး
ပန်းမပျောက်ပါဘူး
လမ်းမလျှောက်နိုင်သေးတာ
နမ်းလောက်စရာ ရနံ့
ငါ့မှာ မသင်းပျံ့သေးဘူးထင်လို့။
မသိသူတို့ ကျော်သွားပါစေ
သိသူတို့ ဖော်စားကြ
ကိုယ်ဘဝကိုယ်
မြှုပ်နှံစိုက်ပျိုးထားတာပေါ့
ငါဟာ
ဆေးဖက်ဝင် အပင်တစ်မျိုးပါ။
ခင်ဗျားတို့ စားချင်ရင်
သကြားလုံးလဲ ဖြစ်လိုက်ဦးမတဲ့
အချိုမစားဖူးတဲ့ စောသူရအောင်က။
ဒီကမ္ဘာသေတ္တာကြီးထဲမှာ
ငါက ပရုပ်လုံးတစ်လုံးပေါ့
ပိုးဟပ်တွေက မုန်းတီးတယ်။
ခင်ဗျားတို့ ဘယ်လောက်ထိ
သစ်နိုင်ကြသလဲ
ဒီနှစ်စိုက်တဲ့စပါး
မနှစ်က မျိုးချန်ထားခဲ့လို့။
ငါကလဲ သစ်မှကြိုက်တဲ့ကောင်
(အဖြစ်သည်းလိုက်တာ)
နယ်သစ်ပယ်သစ် ရှာချင်တယ်
ဂီတသစ်ကို နားဆင်ချင်တယ်
သေရည်သစ်နဲ့ မူးယစ်ချင်တယ်
စိတ်ကူးသစ်နဲ့ ရှေ့ဆက်ချင်တယ်
အပျိုသစ်နဲ့ ရစ်နွယ်နေချင်တယ်
သစ်လိုက်ချင်
ဖြစ်လိုက်ချင်တာတွေ။
ဖြစ်နေရတော့လည်း
ဒိန္နက်သည်းမလို
သုံးလေးလင်မပြောင်း
ကမ္ဘာအဟောင်းကြီးထဲ နေထိုင်တယ်။
မောင်းနေကျလို့ ဖုန်ထောင်းထောင်း
ဓာတ်ပြားဟောင်းကြီး အပ်ကြောင်းထပ်
အသက်ရူကျပ်လို့ နေတော့တယ်။
နှစ်ချို့မြေအောင်း
ညအိုဟောင်းထဲ
သေရည်ဟောင်းနဲ့ ပေါင်းဖက်နေတယ်။
မဆေးဖြစ်တဲ့ ခွက်
မှိုတွေတက်လို့ ယင်တယောင်းယောင်း
စိတ်ကူးဟောင်းနဲ့ ညောင်းညာနေတယ်။
ပုလင်းခွံဟောင်းလို
စိတ်ကဟောင်း
ဣတ္ထိယအဟောင်းမှ ချစ်မိနေတယ်။
စောသူရအောင်တစ်ယောက်
ဆေးရုံအဟောင်းကြီးလို
ပြင်းရိစွာ လဲကျနေပုံများ
ခုတော့ တကယ်ခံစားသွားရပြီ
မသစ်ရင်နေပါစေ
စစ်မှန်ရင်ပဲ လက်ခံကျေနပ်ပါပြီတဲ့။
မုန်းအောင်
ဆက်ရန်
No comments:
Post a Comment