ဥမ္မာ
မွန်းတည့်နေရဲ့အရိပ်လို
မင်းအရပ်က ပုတယ်။
ငါ့မျှော်လင့်ချက်ကလည်း
ရေးရင်းတိုသွားတဲ့
မင်းလက်ထဲက မြေဖြူခဲလို၊
ခဲသားရောင်တိမ်တစ်အုပ်ကြား
နေ့နဲ့ည တံခါးဝမှာ ဆုံတိုးခိုက်
ဒေါင်းနဲ့ယုန် နှုတ်ဆက်လွမ်းနေလိုက်ပုံမျိုး
ညိုစိမ့်စိမ့် မင်းအသားရောင်မှာ
နေရောင်၊ လရောင်
မျက်ဝန်းရောင်လေး
ဖြတ်ခနဲထွန်းပခိုက်
ငါ့ခြေလှမ်းတို့ သံလိုက်စက်ဝန်းမိကြ၊
မယ်တယ်ဂီတလို
မာထန်သလောက် ရင်ခုန်လှုပ်ချက်ပြင်းပြင်း
မင်းနှုတ်ထွက်စကားသံလေးတွေ
ဆောင်းခိုငှက်များနှယ်
ငါ့ရင်မှာ။
ကောင်းကင်ထက်တောင်
ကောင်းကင်ဆန်နေသေးတဲ့
မင်းရာသီဥတု အပြောင်းအလဲကြောင့်
ငါ့မှာ
တာတမံတို့ ကျိုးပေါက်လိုက်
မြစ်ချောင်းတွေ ကောခြောက်လိုက်
မင်းနှလုံးသားကလည်း
ပင်လယ်အောက်က
ရတနာသိုက်ထက်တောင်
တူးဖော်ရခက်သေး။
ဥသြငှက်ကလေးတောင်
တစ်ရာသီပဲ ဆွေးနိုင်တယ်
ငါက နွယ်နီနတ်ပန်းထက်
ပွင့်ရက်ကို စောင့်မျှော်နေရမလားပဲ၊
ကဲ ပြော
မင်းအချစ်က
သေဆုံးမှာကြောက်လို့
မမွေးဖွားတော့တာလား...
မုန်းအောင်
29.11.1995
ည
ကျောင်းစုရွာ
No comments:
Post a Comment