မြောက်သို့ခရီးသွားခြင်း
ဘို့ပါတိုင်း နွားမဟုတ်ပါ
သံခွာမတတ်လည်း
မြင်းကတော့ မြင်းပါပဲ။
မြင်စီးကောင်းတိုင်း
စစ်မခင်းနိုင်ဘူး
စစ်ရေးကျွမ်းတိုင်း
ထွန်လမ်းမဖြောင့်နိုင်ဘူး
ဘဝဆိုတာ။
အချစ်ရေ
ရေနစ်ဖူးမှ
လေကိုချစ်မယ်။
နှာစေးဖူးမှ
ကိုယ့်နှာခေါင်း တန်ဖိုးသိမယ်။
ဘယ်သူ့ကိုမှီတွယ်ချင်တာလဲ
ဒီနွယ်ပင်က။
အသွင်သဏ္ဌာန်တူတိုင်း
အခြေခံမတူနိုင်ဘူး။
တစ်ခုမှာ တစ်ဖက်ကမ်းခတ်လို့
သူ့ကို အားလုံးလွှဲအပ် ရမလား
သရက်ပင်က
ချိုသောသရက်သီး
သီးနိုင်မယ်
ချိုသောစပျစ်သီး
တွဲသီးနိုင်တယ်
ဘယ်ပုံပြင်မှ မကြားဖူးဘူး။
တက်တစ်ခုအားကိုးနဲ့
မိုးပေါ်ပျံဖို့ ငါ
ဘယ်တုန်းကမှ မစဉ်းစားဖူး။
'နယ်ပယ်'ဆိုတဲ့စကား
အလကားပေါ်လာတာမဟုတ်တာ
မင်းလက်ခံရင်
ငါမကျွမ်းတဲ့
မင်းအရမ်းဆန္ဒရှိတဲ့နယ်ပယ်
ငါချဲ့ ထွင်အုပ်စိုး
မင်းအတွက် တံစိုးလက်ဆောင်
ပေးနိုင်မှာတုန်း။
မင်းတို့ငါတို့ဟာ
ခေါင်းပေါ်ကသန်းကို
ဘယ်တုန်းကမှ အရှင်သခင်လို့
မယူဆကြဘူး။
သန်းထူရင်
ခေါင်းယားလို့ပူမယ်
လာ အချစ်ရယ်
တို့ ကတုံး တုံးကြပါစို့။
ကြယ်ဝါလေး ရှိနေသမျှ
အက်စသာနဲ့ပေါတို့ခမျာ
မျက်ရည်စတွေသာ
ဘဝရဲ့လက်ဆောင်ပေါ့။
ကဲ တို့ကကော
အရိုးဖြူဘီလူးမရဲ့မာယာ
မင်းနားမလည်နိုင်မှတော့
အဲဒီကစ လမ်းခွဲရတော့တာပေါ့။
ငါ မြင်နိုင်စွမ်းရှိပြီ
တစ်ပင်လုံးစိမ်းခဲ့သမျှ
နွေရောက်မှ အရိုးကျဲကျဲ
အဲဒီပင်ကပ်ညောင်အိုတွေကို။
ခုချိန်မှာ
တိမ်ကပဲရွေ့သလား
လကပဲ ပြေးသလား
မိုးမျှော်အတွေးနဲ့
ငါဆွေးမနေနိုင်ဘူး
မြစ်ကြောင်းတစ်ခုလုံးမကြည့်
မြစ်ကျဉ်းတစ်ခုပဲ မြင်သိပြီး
ပင်လယ်ထိ မစီးဆင်းနိုင်ဘူးလို့တော့
မင်း ငါ့ကို အထင်မသေးနဲ့
၇၁ အဆန် မင်းရှေ့ဖြတ်အသွား
သြော် မနေ့က ငါစုန်ခဲ့တဲ့
၇၂ ပြည် ရန်ကုန်ရထားပါလားလို့
မတွေးနဲ့
ရထားကတော့ မင်းနဲ့ဝေးရာ
ဆန်သွားရဦးမယ်
မုန်းနိုင်လို့ရယ် မဟုတ်ပါ။
မုန်းအောင်
8.12.1995
01:30am
No comments:
Post a Comment